ကချင်ပြည်နယ်ထွက် ပရင်းပစ္စည်းများ အရောင်းသွက်လျက်ရှိ

ကချင်ပြည်နယ်တွင် တနိုင်းမြို့ဟူးကောင်းဒေသတွင်ထွက်ရှိသော ပရင်း အသုံးအဆောင်ပစ္စည်းများသည် ယခုအခါ ဝယ်ယူသူများလာပြီး အမျိုးအစားအလိုက် အရောင်းထွက်နေသည်။
ပရင်းအမျိုးအစား(၃)မျိုးရှိရာ ၄င်းကိုအဝါကြည်၊ အနီကြည်နှင့် ဒီဇယ်ရောင်ဟုခေါ်ဝေါ်ကြပြီး အဝါကြည် မှာ ဈေးနှုန်းအများဆုံးဖြစ်ကာ ပရင်းများကို အရွယ်အစားအရေအသွေးပေါ်မူတည် ၍ ဈေးဖြတ် ကြ ခြင်း ဖြစ်ကြောင်း ပရင်းရောင်းဝယ်သူတစ်ဦးပြောသည်။
“ပရင်းက ပုံသေဈေးသတ်မှတ်ထားတာမရှိဘူး။ ပစ္စည်းကောင်းရင် ကောင်းဈေးက ကျောက်တွေလိုပဲ သိန်းရာ ကျော်ရနိုင်တယ်” ဟု ၄င်းကပြောသည်။
ပရင်းအတိုအစမှာ တစ်ပိဿာ ကျပ်၃သောင်းကျော်ဈေးရှိပြီး အသားကောင်းလျင် ၁ ကျပ်သားတွင် ၁ သိန်းထိပေါက်ဈေးအပြင် ပရင်းထဲတွင်အကောင်နှင့်သစ်ကိုင်းများဝင်နေပါက ဈေးပိုရကြောင်း သိရသည်။
ပရင်းများသည် အလေးချိန်မရှိသော်လည်း ရွှေ၊ ကျောက်စိမ်းများကဲ့သို့ ကျောက်မျက်ရတနာ ပစ္စည်းများလိုပင် ကျောက်ဟုလည်းခေါ်ဝေါ်နိုင်သလို သတ္တုဟုလည်းခေါ်နိုင်ကြောင်း ပရင်းတူးသမားများပြောသည်။
ပရင်းများကို မြေကြီး အနက်ပေ၃၀၊ ၄၀ နှင့် ၅၀ခန့်တွင် တူးဖော်တွေ့ရှိနိုင်ပြီး ၄င်းသည် အလွန်နူးညံ့သည့် ပစ္စည်းတစ်မျိုးလည်းဖြစ်ကြောင်း ပရင်းတူးသမားတစ်ဦးပြောသည်။
“ပရင်းက လေမထိရင်ပျော့တယ်။ လေထိရင်မာသွားတယ်။ ပရင်းကကျွတ်တော့ တွင်းထဲက ဇွန်းတွေ ဓားပါးတွေနဲ့ထုတ်ယူရတယ်” ဟု ၄င်းကပြောသည်။
ကချင်ပြည်နယ်တွင် ပရင်းကို အသုံးပြုခြင်းအားဖြင့် အပူအအေးမျှစေခြင်း၊ ပန်းနာရင်ကြပ်ပျောက်ခြင်း၊ အကျိတ်ပျေက်ခြင်း၊ နှလုံးအားတိုးစေခြင်း၊ အကိုက်အခဲပျောက်ကင်းစေသည့် အပြင် ဆေးဖော်ရာ တွင်လည်းအသုံးပြုသောကြောင့် အဝယ်များလာများလာခြင်းဖြစ်ကြောင်းသိရသည်။
ပရင်းအရသာသည် ချိုသက်သက်အရသာရှိပြီး လူ၏ကိုယ်ခန္ဓာတွင် ရွှေများဖြင့် တွဲသုံးခြင်း၊ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စသည်ဖြင့် ဆင်ယင်အသုံးပြုခြင်းသည်လည်း ပရင်းအရောင်ကို ပိုတောက် လာစေကြောင်း ပရင်းအသုံးပြုသူများပြောသည်။
ယခုအခါ ပရင်းဈေးကောင်းလာသောကြောင့် ဒေသခံများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ဝမ်းစာ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ကြောင်းသိရသည်။
ကချင်ပြည်နယ်တွင် ပရင်းတူးဖော်ရောင်းဝယ်ခြင်းသည် အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုချိန်မှ လူကြိုက်များလာကာ ဈေးကွက်ဖြစ်ထွန်းပြီး မြန်မာနိုင်ငံအပြင် စင်ကာပူ၊ တရုတ်၊ မလေးရှားနိုင်ငံများထိ

ဈေးကွက်ရလာခြင်းဖြစ်ကြောင်း ပရင်းရောင်းဝယ်သူများပြောသည်။