စိတ်ကို ပျော်ရွှင်စေမှုနဲ့ကုတဲ့ ဆရာဝန်လူရွှင်တော်အဖွဲ့
စိတ်ကို ပျော်ရွှင်စေမှုနဲ့ကုတဲ့ ဆရာဝန်လူရွှင်တော်အဖွဲ့
ရန်ကုန် ကလေးဆေးရုံကြီးတွင် ကလေးလူနာတစ်ဦးအား ဆရာဝန်လူရွှင်တော် အဖွဲ့မှ ပျော်ရွှင်စေမှု များနဲ့ စောင့်ရှောက် ကုသနေစဉ်။
“မလှုပ်နဲ့၊ လက်မြှောက်” ဆရာဝန်က ကလေးကို သေနတ် နဲ့ချိန် ထားလိုက်ပြီး အတန်ငယ်ရွှင်မြူး တဲ့လေသံနဲ့ပြော လိုက်ပါတယ်။ဂျူတီကုတ်ကိုဝတ်ထားပြီးမျက်နှာမှာ
ရောင်စုံခြယ်ထားတဲ့ ရယ်စရာ အဆင်တန်ဆာတွေနဲ့ ဆရာဝန်ကသူ့အတွက် အမြင်ဆန်းနေပေမယ့် ကလေး ဟာ ပျော်ရွှင်နေပုံပေါ်ပါတယ်။
ရန်ကုန် ကလေးဆေးရုံကြီးတွင် ကလေးလူနာတစ်ဦးအား ဆရာဝန်လူရွှင်တော် အဖွဲ့မှ ပျော်ရွှင်စေမှု များနဲ့ စောင့်ရှောက် ကုသနေစဉ်။
ဓာတ်ပုံ-ယမုံဖူးသစ်
“မလှုပ်နဲ့၊ လက်မြှောက်” ဆရာဝန်က ကလေးကို သေနတ် နဲ့ချိန် ထားလိုက်ပြီး အတန်ငယ်ရွှင်မြူး တဲ့လေသံနဲ့ပြော လိုက်ပါတယ်။ဂျူတီကုတ်ကိုဝတ်ထားပြီးမျက်နှာမှာ
ရောင်စုံခြယ်ထားတဲ့ ရယ်စရာ အဆင်တန်ဆာတွေနဲ့ ဆရာဝန်ကသူ့အတွက် အမြင်ဆန်းနေပေမယ့် ကလေး ဟာ ပျော်ရွှင်နေပုံပေါ်ပါတယ်။
ဆရာဝန်က သေနတ်ကို ပစ်လိုက်တဲ့အခါ ရောင်စုံဆပ်ပြာ ပူဖောင်းလေးတွေထွက်လာပြီး ကလေး ဟာ ပျော်ရွှင်စွာ ရယ်မောပါတော့တယ်။
တကယ်လို့များ ဒီမြင်ကွင်းမျိုးကိုမြင်တယ်ဆိုရင်တော့ အဲဒါဟာ ရန်ကုန် ကလေးဆေးရုံကြီးဖြစ်ပြီး အချိန် ကတော့ စနေနေ့နံနက်ခင်း ဖြစ်ပါ လိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ အဖွဲ့ဝင်ငါးဦး ပါဝင်တဲ့ Clown Doctor လို့ခေါ်တဲ့ အဖွဲ့ဟာ ရန်ကုန် ကလေးဆေးရုံကြီးကို အပတ်စဉ် စနေနေ့တိုင်း လာရောက်ပြီး ကလေးတွေနဲ့ တွေ့ဆုံကြလို့ပဲ ဖြစ်ပါတယ်။
Clown ဆိုတာကတော့ မြန်မာလို 'ပျော်တော်ဆက်'လို့ အဓိပ္ပာယ်ရတာကြောင့် Clown Doctor ကို အနီးစပ်ဆုံး ဘာသာပြန်ပေးရရင် လူနာတွေ စိတ်ပိုင်းဆိုင်ရာအရ ညစ်ညူးမှုတွေဖြစ်နေတာကို တဒင်္ဂ မေ့ပျောက်နိုင်ပြီး စိတ်ပျော်ရွှင်မှု ရအောင်လုပ်ပေးတဲ့ ပျော်တော်ဆက် ဆရာဝန်လို့ ပြောရရင် သင့်တော်မယ် ထင်ပါတယ်။
သူတို့ရောက်ရှိလာတဲ့အခါမှာ ဆေးရုံ ကြီးရဲ့ လူနာဆောင်တွေဟာ အသက်ဝင်လာတာဖြစ်ပြီး ရယ်မောသံ
တွေကတော့ သူတို့ရဲ့ သင်္ကေတပါ။
Clown Doctor လို့ခေါ်တဲ့ ဒီအစီအစဉ်လေးကို မြန်မာနိုင်ငံမှာ အစပြုခဲ့သူ ကတော့ အမေရိကန်နိုင်ငံသား Edward Wayne Jr ပဲဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံက ကလေးတွေအတွက်ရည်ရွယ်တဲ့ The Bridge of Life ဖောင်ဒေးရှင်းကို တည်ထောင်ဆောင်ရွက်နေခြင်းဖြစ် ပါတယ်။
ဒီအစီအစဉ်ဟာ ဖောင်ဒေးရှင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၁၂ ဖေဖော်ဝါရီလမှာ မြန်မာလူငယ်ငါးဦးနဲ့ အစပြုခဲ့ပါတယ်။
ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်တာကတော့ ဆေးရုံတက်နေရတဲ့ ကလေးတွေ အတွက်ဖြစ်နေတဲ့ ရောဂါကို
မေ့ပြီး ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်ပါလို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာနှာခေါင်းလို့ အမည်ပြောင် ပေးထားတဲ့ ကိုဟိန်းထိုက်အောင်က ရယ်ရယ်မောမောနဲ့ ပြောပါတယ်။
“ဆေးရုံတက်နေရတဲ့ ကလေးတစ်ယောက်ဟာ ဖြစ်နေတဲ့ရောဂါနဲ့ဝေဒနာ အပေါ်မှာပဲ စိတ်ကရှိနေမယ်။ ဒီလိုပဲ မိဘတွေနဲ့ ကုသပေးတဲ့ ဆရာဝန်တွေကလည်း ဒါကိုပဲ အဓိကထားနေကြမယ်။ အဲဒီအချိန်မှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေဖြစ်နေမယ်။
“ဆရာဝန်တွေက သူတို့ရဲ့ ကျန်းမာရေးကို ကုသပေးပြီး ကျွန်တော်တို့ကတော့ သူတို့ရဲ့ စိတ်ကို ကုသပေးချင်တာပါ။ဆေးရုံတက်ရတဲ့ ကလေးတစ်ယောက်ဟာ သူ့ရဲ့ဘဝမှာဆေးရုံဆိုတဲ့ကြောက်စရာ
ကောင်းတဲ့ နေရာကြီးကို ရောက်ခဲ့ပါတယ်ဆိုတာ မေ့သွားပြီး ဒီလို ပျော်စရာကောင်းတဲ့ အရာလေးတွေ လည်း ရှိပါလားဆိုတာမျိုး ဖြစ်စေချင်တာပါ” လို့ ၎င်းက ပြောပါတယ်။
Clown Doctor လို့ခေါ်တဲ့ ဆေးရုံတွေမှာ ကလေးလူနာတွေ ကို ပျော်ရွှင်အောင် လုပ်ဆောင်ပေး တဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံမှာ ၁၉၈၆ ခုနှစ်လောက်က စတင်ခဲ့တယ်လို့ သိရပါတယ်။
အခု အချိန်မှာတော့ ဥရောပနိုင်ငံတော်တော် များများအပြင် အာရှနိုင်ငံတချို့မှာပါ လုပ်ဆောင်နေ ပြီဖြစ်ပါတယ်။
ရန်ကုန်ကလေးဆေးရုံကြီးမှာ ဒီလို အစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက် ခဲ့တယ်လို့ ဆိုပါတယ်။
Clown Doctor တွေဟာ တကယ့် ဆရာဝန်တွေမဟုတ် ဘဲ စေတနာ့ဝန်ထမ်း အဖြစ် ဆောင်ရွက်
နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မကြည်ငြိမ်းချမ်းကျော်ကတော့ “မိဘတွေက သူတို့ ကလေးတွေကို ပျော်စေချင်လို့ ကျွန်မတို့ကိုမျှော်ကြတယ်။ အိပ်နေရင်လည်း အတင်းနှိုးပေးကြတယ်။ သူတို့ကလေးတွေ ကို ပျော်အောင် လာလုပ်ပေးတာကို သိတဲ့အတွက် ရင်းရင်းနှီးနှီး ဆက်ဆံကြပါတယ်” လို့ ပြောပါတယ်။
ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်တာက ကလေးတွေတင်မကပါဘူး၊ ကလေးတွေအတွက် စိတ်ပူပန်နေကြရတဲ့ မိဘတွေ၊ တစ်နေကုန် အလုပ်လုပ်နေရလို့ ပင်ပန်းနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေကိုလည်း ရည်ရွယ်ပါတယ်လို့ သူတို့က ပြောပါတယ်။
ကလေးဆေးရုံကြီးကို ရွှေပြည်သာကနေ လာရောက်တက်တဲ့ မောင်ရဲကျော်သူရဲ့ မိခင်က “ဆေးရုံကို မနေ့ကမှ စတက်တာဆိုတော့ သူတို့ကို အခုမှစမြင်ဖူးတာ။ သားကတော့ အရမ်းသဘောကျ တယ်။ မြင်ရတာလည်း ထူးဆန်းနေတော့ သဘောကျပြီး ရယ်လည်း ရယ်ရတယ်” လို့ ပြောပါတယ်။
တိုက်ကြီးမြို့နယ်က လာရောက်တက်တဲ့ မောင်လရောင်သန်းရဲ့ အဘွားဖြစ်သူကတော့ “စတွေ့တွေ့ ချင်းတော့ ကလေးက လန့်သွားတယ်။ နောက်တော့ သူ့ကို စမှန်းသိတော့မှ သူတို့နဲ့ ဆော့နေတယ်။ သူတို့မှာ အရုပ်တွေလည်း ပါတာတွေ့တော့ ကလေးတွေက သဘောကျတာပေါ့” လို့ ပြောပါတယ်။
အဖွဲ့ဝင်တွေဟာ စနစ်တကျ လေ့ကျင့် သင်ကြားမှုတွေပြီးမှ Clown Doctor တစ်ယောက်အဖြစ် ရပ်တည်ကြတာဖြစ်ပါတယ်။ ကလေး တွေနဲ့တွေ့တဲ့အခါ ဘယ်လိုပြောဆိုရမယ်၊ ဘယ်လိုပျော်အောင် လုပ်ရမယ်စတဲ့ အချက်တွေကို အဖွဲ့ရဲ့ တည်ထောင်သူဖြစ်တဲ့ Edward Wayne Jr ကပဲ လေ့ကျင့် သင်ကြားပေးခဲ့တဲ့အပြင် ကမ္ဘာတစ်လွှားက Clown Doctor တွေ အကြောင်းကိုလည်း လက်လှမ်းမီ သလောက် ဖတ်ရှုကြတယ်လို့ ဆိုပါတယ်။
သူတို့မှာရှိရမယ့် အရည်အချင်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ Clown Doctor တစ်ယောက်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပျော်ရွှင်တတ်ရမှာဖြစ်သလို မရှက်မကြောက်၊ ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်တတ်ဖို့လည်းလိုတယ်လို့ ဆိုပါတယ်။
“ဒီအလုပ်ကို လုပ်တော့မယ်ဆိုရင် ကိုယ်တိုင် စိတ်ပျော်နေဖို့လည်းလိုတယ်။ လုပ်နေရင်းနဲ့ မပျော်တော့ တဲ့စိတ်ခံစားမှု ဖြစ်သွားရင် ဆက်မလုပ်တော့ဘူး၊ ရပ်လိုက်တယ်” လို့ ကိုထက်ပိုင်ဦးက ပြောပါတယ်။
သူတစ်ပါးကို ပျော်အောင်လုပ်တယ်ဆိုတာ မလွယ်ကူလှပါဘူး။ Clown Doctor တွေဟာလည်း အခက်အခဲတွေကို ရင်ဆိုင်ရတာ တွေရှိပါတယ်။
“Clown ဆိုတာကို ဒီနိုင်ငံမှာ သိပ်မမြင်ဖူးတော့ တချို့ကလေးတွေက ကြောက်တာမျိုးတွေရှိတယ်။ တချို့မိဘတွေကလည်း ဘာတွေလဲ၊ ဘာလာလုပ်နေကြတာလဲဆိုတဲ့ အမြင်လေးတွေတော့ ရှိပါတယ်” လို့ မကြည်ငြိမ်းချမ်းကျော်က ပြောပါတယ်။
"ကလေးတွေဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကြယ်လေးတွေပါ။ အဲဒီကြယ်လေးတွေ ကို ကြောက်ရွံ့မှုဆိုတဲ့ အမှောင်ရိပ်ကြီး မထိုးစေချင်ပါဘူး။ ပျော်ရွှင်လန်းဆန်းပြီး တက်ကြွနေတဲ့ ကလေးတွေရဲ့ အပြုံးတွေကို မပျောက်စေချင်ပါဘူး” လို့ ကိုဟိန်းထက်အောင် က ပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့က နိုင်ငံတော်ရဲ့ အနာဂတ်ကလေးတွေကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးနေ တာပါ။ နိုင်ငံတော်ရဲ့ တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဆရာဝန်များအနေနဲ့လည်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
Clown Doctor တွေဟာ သူတို့ရဲ့ အစီအစဉ်တွေကို ရန်ကုန်ကလေးဆေးရုံကြီးအပြင် တခြား ကလေးဆေးရုံတွေမှာလည်း တိုးချဲ့ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

