မြန်မာ - ဗီယက်နမ် ( ၃ - ၁ )
ဗီယက်နမ်အသင်းအား အခက်အခဲမရှိ ဂိုးပြတ်အနိုင်ယူခဲ့သည့် မြန်မာအသင်း
![]() |
| မြန်မာ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း၏ ထိုးဖောက်ဟန် |
AFC U-22 ခြေစစ်ပွဲစဉ်များထဲမှ အုပ်စု (ဆ)၏ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မြန်မာ အသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ (၆း၁၅)တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဖိလစ်ပိုင် အသင်းအား (၅-၁)ဖြင့် ဂိုးပြတ်အနိုင်ယူ ခဲ့သည့် မြန်မာ အသင်းသည် တရုတ် (တိုင်ပေ) အသင်းအား (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့သည့် ဒေသတွင်း ဘောလုံးအင်အားကြီး အသင်းတစ်သင်းဖြင့် ဗီယက်နမ် အသင်းအား (၃-၁)ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ယနေ့ပွဲစဉ်တွင် မြန်မာ အသင်းသည် ပွဲစချိန်မှ စတင်းပြီး တိုက်စစ်ဖွင့်ကာ ဗီယက်နမ် အသင်းဘက်သို့ ထိုးဖောက်ခဲ့ပြီး ဖိကစားနိုင် ခဲ့သော်လည်း အဖွင့်ဂိုး ရရှိခဲ့သည့် အသင်းမှာ ဗီယက်နမ် အသင်းဖြစ်ခဲ့သည်။ ပွဲကစားချိန် (၁၄) မိနစ်တွင် ရရှိခဲ့ သည့် ပြစ်ဒဏ်ဘောကနေ တစ်ဆင့် ဗီယက်နမ် အသင်းက ကန်သွင်း ယူမှုကို ဂိုးသမား ကျော်ဇင်ဖြိုး၏ ဂိုးဖမ်း မသေသတ်မှုမှ တစ်ဆင့် ဗီယက်နမ် အသင်းတို့ အဖွင့်ဂိုး စတင် ရရှိခဲ့သည်။
ဦးဆောင်ဂိုး ပေးခဲ့ရသည့် မြန်မာ အသင်းသည် ကွင်းလယ်ပိုင်း အသားစီးယူ၍ ချေပဂိုး ပြန်လည် ရရှိရန် ကြိုးပမ်းခဲ့ရာ ပွဲကစားချိန်(၃၃)မိနစ်တွင် ရန်အောင်ကျော်၏ ဖတ်တင်ဘောမှ တစ်ဆင့် နောက်ခံလူ
ဇော်မင်းထွန်းမှ အပိုင်ပိတ်သွင်း ခဲ့ပြီး မြန်မာ အသင်း ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် (၄၄) မိနစ်တွင် ကျော်ကိုကို နှင့် ကျော်ဇေယျာဝင်းတို့၏ တိုက်စစ်တွဲလုံးမှ ဖန်တီးပေးပို့မှုကို တောင်ပံ ကစား သမား နန္ဒလင်းကျော်ချစ်မှ ပိတ်သွင်းခဲ့ပြီး မြန်မာ အသင်း ပထမပိုင်းတွင် (၂-၁)ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဦးဆောင်ဂိုးပေး ခဲ့ရသည့် ဗီယက်နမ် အသင်းမှ တိုက်စစ်ဖွင့် ကစားလား ခဲ့ပြီး ပွဲကစားချိန် (၅၈) မိနစ်တွင် အပိုင်ကန်သွင်းခွင့် ရခဲ့သော်လည်း မြန်မာ အသင်းနောက်ခံလူများမှ ရှင်းထုတ်ခဲ့ခြင်းကြောင့် ချေပဂိုးရမည့် အခွင့်အရေး ဆုံးရှုံးခဲ့သည်။ ချေပဂိုး ရရှိရန် ကြိုးပမ်းနေသည့် ဗီယက်နမ် အသင်းမှာ မြန်မာ နောက်ခံလူများ၏ အကောင်းဆုံး ရှင်းထုတ် ကစားမှုကို မထိုးဖောက်နိုင် ခဲ့သောကြောင့် ချေပဂိုးနှင့် ဝေးခဲ့ရပြီး မြန်မာ အသင်း၏ နောက်ထပ်တစ်ကြိမ် ဦးဆောင်မှုကိုပါ ခံခဲ့ရသည်။
ပွဲကစားချိန် (၇၄) မိနစ်တွင် မြန်မာ အသင်း၏ တောင်ပံ ကစားသမား ကြည်လင်းမှ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက်ပြီး ဗီယက်နမ် အသင်း ဂိုးဧရိယာအစပ်မှ ဂိုးသမား၏ ဘယ်ဘက်ထောင့်ထဲသို့ အပြင်းကန်သွင်းပြီး မြန်မာ အသင်းအတွက် တတိယမြောက် ဂိုးသွင်းယူ ပေးခဲ့သည်။
မြန်မာအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည့် ကြည်လင်းကို ဖိလစ်ပိုင်နှင့် ပွဲစဉ်တွင် တွေ့ရစဉ်
ယှဉ်ပြိုင်ကစားလျက်ရှိသည့် AFC U-22 ခြေစစ်ပွဲ အုပ်စု G ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယနေ့ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် မြန်မာ အသင်းမှာ (၂) ပွဲကန်ပြီးချိန်တွင် ရမှတ် (၆)မှတ်၊ သွင်းဂိုး (၈) ဂိုး နှင့် ပေးဂိုး (၂) ဂိုးဖြင့် အုပ်စု (ဆ)၏ အုပ်စု ဒုတိယ နေရာတွင် ရပ်တည်နေသည်။ မြန်မာ အသင်းသည် လာမည့် ဇွန်လ (၂၈)ရက်နေ့တွင် အုပ်စု ပထမနေရာမှ ဦးဆောင်နေသည့် တောင်ကိုရီးယား အသင်းနှင့် ကစားရမည် ဖြစ်သည်။
အခြားပွဲစဉ် ရလာဒ်များ
- တောင်ကိုရီးယား ၈ - ၁ တရုတ် (တိုင်ပေ)
- မလေးရှား ၇ - ၀ ဖိလစ်ပိုင်







