SMS ပေးပို့ရုံဖြင့် အလှူငွေ ပေးအပ်နိုင်မည့်အစီအစဉ်
SMS ပေးပို့ရုံဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေပေးအပ်နိုင်မည့် အစီအစဉ် ကို ပြန်လည်စတင်မည်
ကြိုတင်ငွေပေးချေကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများအနေဖြင့် Yatanarpon Call Center သို့ Donate ဟူသောစာသားကို SMS တစ်ကြိမ်ပေးပို့လိုက်သည်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အလှူငွေ ၅၀၀ ကျပ် အလိုအလျောက်လှူဒါန်းပြီးဖြစ်မည့်အစီအစဉ်ကို ပြန်လည်စတင်သွားမည်ဟု Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လူမှုရေးအဖွဲ့အစည်းတစ်ခုရှာနေတယ်။ လှူဒါန်း 
ပေးမယ့်အဖွဲ့ အစည်းတစ်ခုခု ရတာ နဲ့ ပြန်စမှာပဲ။ ရခိုင်အရေးတင်မဟုတ်ဘူး။ နောက်ပိုင်းတွေမှာ
လည်း သဘာဝဘေးအန္တရာယ်တွေ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လှူသွားဖို့ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူပြောသည်။ Message Center နံပါတ် ၁၈၈၁၅ သို့ SMS တစ်စောင်ပေးပို့ရုံဖြင့် အလှူငွေ ၅၀၀ ကျပ် လှူဒါန်းနိုင်သည့်အစီအစဉ်ကို ယခုလ အတွင်း တစ်ညတာကာလအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့သည့်အတွက် အလှူငွေ ၉၈၅၀၀ ကျပ်ရရှိ ခဲ့ကြောင်း၊ အဆိုပါအလှူငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန(ရုံးချုပ်) သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း Yatanarpon Call Center မှထုတ်ပြန်ကြေညာသည်။ ကြိုတင်ငွေပေးချေကတ်အသုံးပြုသည့် ဂျီအက်စ်အမ်ဖုန်းများအနေဖြင့်သာ SMS ပေးပို့ရုံဖြင့် အလှူငွေများကို လက်တလော၌ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု Call Center ကဆိုသည်။ 
ထို့အပြင် ရပ်နားထားရှိခဲ့သည့် အဆိုပါအလှူကို ပြန်လည်စတင်နိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပါအ၀င် Blue Ocean ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အကြား ဆွေးနွေးမှု များပြု လုပ်နေကြပြီး မကြာမီ၌ SMS ပေးပို့ရုံဖြင့် အလှူငွေပေးအပ်နိုင်မည့်အစီ အစဉ်ကို ပြန်လည် စတင်သွား မည်ဖြစ်သည်။ SMS ပေးပို့၍လှူဒါန်းခဲ့ပါက အလှူငွေကို ကြိုတင်ဘီလ်မှ တစ်ဆင့် ဖြတ်တောက် သွားမည်ဖြစ်သည့်အပြင် စုစုပေါင်းရရှိသည့် အလှူငွေများကိုလည်း ထုတ်ပြန်ကြေညာပေးသွားမည်ဟု Blue Ocean ကုမ္ပဏီကဆိုသည်။ အစီအစဉ်စမ်းသပ်မှုအား Yatanarpon Call Center မှဝန်ထမ်းများနှင့် နီးစပ်ရာလူတစ်ချို့ဖြင့်သာ စတင်ခဲ့သော်လည်း ပရဟိတအတွက် လွယ်ကူစွာဖြင့် တတ်နိုင်သရွေ့ လှူဒါန်းနိုင်မည်ဖြစ်သည့် အဆိုပါအစီအစဉ်ကို စိတ်ဝင်စားမှုရှိသည်ဟု ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အသုံးပြုသူ လူငယ်အချို့ကဆိုသည်။ “အရင်က အွန်လိုင်းမှာ ကချင်ဒေသအတွက်ဆိုပြီး Donation အဖွဲ့လေးတွေဖွဲ့ပြီး အလှူခံကြတာတွေ့ရတယ်။ အခုလည်း ရခိုင်ဒေသအတွက်လှူဖို့ဆိုပြီး အွန်လိုင်းမှာ လူစုကြတာရှိကြတယ်။ ဒီလိုမျိုးလေးတွေလုပ်ကြတာ ကောင်းပါတယ်။ ဒုက္ခသည်တွေလက်ဝယ် အထိရောက်အောင်လှူပေးတဲ့ အဖွဲ့တွေဆိုရင် ပိုကောင်းပါတယ်” ဟု နေ့စဉ်အွန်လိုင်းအသုံးပြုသူ လူငယ်တစ်ဦးကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလ၌ ဇွန်လဆန်းတွင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် ဒေသတွင်းရှိဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်နေ သည့်အပြင် ၂၀၁၁ ခုနှစ်ဇွန်လ၌ စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ဒေသတွင်းရှိ စစ်ဘေးဒုက္ခသည်များအတွက် အကူအညီများ စွာလိုအပ်နေသည်ဟု ပြည်တွင်းသတင်းမီဒီယာများ၌ ရေးသားဖော်ပြထားသည်။
ရေးသားသူ -မြင့်ကျော်လှိုင်
 


 Posted by Creator Myanmar 
										 on 2:45 AM. Filed under
		
										 Posted by Creator Myanmar 
										 on 2:45 AM. Filed under